မကွေး မေ ၁၄
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများနှင့် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီးဥက္ကဋ္ဌက မကြာမီကာလ အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျန်းမာရေးဌာန၏ Covid-19 ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ လုံခြုံရေးကို ဌာနဆိုင်ရာများ အားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာစေရန် တရားဥပဒေ စိုးမိုးဖို့ လိုကြောင်း၊ တရားဥပဒေစိုးမိုးနိုင်ရန် ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက် ရန်လိုအပ်ပြီး ထူးခြားမှုရှိပါက အထက်ဌာန အဆင့်ဆင့်သို့ အချိန်မီသတင်းပို့တင်ပြရန် လိုကြောင်း၊ ယနေ့ ခေတ်လူငယ်များမှာ လိမ္မာယဉ်ကျေးမှု နည်းပါးလာသည့်အတွက် ဘာသာရေး အသိတရား များရရှိစေရန်နှင့် လိမ္မာယဉ်ကျေးလာစေရေးအတွက် ပြုပြင်ထိန်းသိမ်း သင်ကြားပေးစေ လိုကြောင်း၊ ရေအခက် အခဲဖြစ်ပေါ်နေသည့်ကျောင်းများ ရှိပါကလည်း တင်ပြပေးစေ လိုကြောင်း၊ ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာ ပြီဖြစ်သည့် အတွက် မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ကျေးရွာများရှိ လမ်းများမှာ ကျဉ်းမြောင်းသည့်အတွက် မီးသတ်ကားများ ဝင်ထွက်သွားလာ နိုင်အောင် ပြင်ဆင်ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့တိုင်းပြည်သည် စိုက်ပျိုးရေးကိုအခြေခံ သည့် တိုင်းပြည်ဖြစ်၍ စိုက်ပျိုးရေးကို အောင်မြင်ဖြစ်ထွန်းအောင် စနစ်တကျ စိုက်ပျိုးကြရန် လိုကြောင်း၊ စိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်းရန်မှာ စိုက်ပျိုးရေ ရရှိရန်လိုအပ်ပြီး ရာသီဥတု မှန်ကန်ဖို့လိုကြောင်း၊ ဥတုရာသီ တောကိုမီ၏ ဆိုသကဲ့သို့ ရာသီဥတု မှန်ကန်ဖို့ရန် သစ်ပင် သစ်တောများ ထိန်းသိမ်းရန်နှင့် သစ်ပင်များစိုက်ပျိုးရန် လိုပါကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာ တွင်လည်း အရေအတွက်ကို ဦးစားမပေးဘဲ တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် စိုက်ပျိုးရန် လိုအပ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လိုလားချက်လည်း ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူ များအနေဖြင့် ရာသီ ဥတုဖောက်ပြန်မှုကြောင့် သီးနှံပျက်စီး မှုများရှိပါက အထောက်အကူ ဖြစ်စေရန်အတွက် မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်ဆောင်ရွက် စေလိုကြောင်း၊ မိမိတို့၏ ထုတ်ကုန်များကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ တောင်သူများ ငွေကြေးအခက်အခဲများ ပြေလည်စေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းဖြင့် ငွေကြေးများ မတည်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုကာလတွင် ကျန်းမာရေးဝန်ထမ်း အများစုမှာ CDM တွင် ပါဝင်နေကြသဖြင့် ဆေးရုံဆေးပေးခန်းများမှာ ကျန်းမာရေးဝန်ထမ်းများမရှိ၍ ဆေးရုံ ဆေးခန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အပြစ်မဲ့သည့် ပြည်သူများမှာ ကူရာမဲ့ဘဝဖြင့် မသေဆုံး သင့်ဘဲ သေဆုံးခဲ့ကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အုပ်ချုပ်သူ ပြောင်းလဲခဲ့သော်လည်း မိမိတို့မှာ ဝန်ထမ်းဖြစ်သည့် အတွက် ဝန်ထမ်းအလုပ်ကိုသာ လုပ်ဖို့လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာဓိဋ္ဌာန်တွင် နိုင်ငံဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ရေး ကင်းရှင်းအောင် နေထိုင်ပါမည်ဟု သစ္စာပြုထားပြီးလည်းဖြစ်ပါကြောင်း၊CDM ပြုလုပ်သည့် ဝန်ထမ်းများမှာ ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ အလုပ်ခွင့်သို့ ပြန်လည်ဝင်ရောက်ခြင်း မရှိဘဲ တိမ်းရှောင်နေမှုများရှိကြောင်း သိရှိရသဖြင့် ရက်သတ်မှတ်ကာ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျနော်တို့အားလုံးဟာ ဘယ်လိုပဲ ခေတ်စနစ်တွေပြောင်းနေပါစေ ကိုယ့်မိသားစုနှင့် နိုင်ငံတော်အတွက် တိုးတက်အောင်ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ဘက်စုံကောင်းမွန်အောင် ဆိုရင် နေရာဒေသ တိုင်းတည်ငြိမ်အေးချမ်းဖို့ လိုကြောင်း၊ ရပ်ရွာအေး ချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှာ အဓိကကြကြောင်း၊ ဆူပူအကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ခြင်း၊ ဗုံးထောင် ဖောက်ခွဲခြင်းများကို လုပ်ဆောင်နေကြသဖြင့် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုပါကြောင်း စသည်ဖြင့် ဆွေးနွေး မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးကြီးမင်းဦး၊ အဖွဲ့ဝင်(၂)ဦးအောင်ချိန်၊ အဖွဲ့ဝင်(၄) ဦးစိုးပိုင်မြင့်၊ အဖွဲ့ဝင်(၅)ရဲမှူးကြီး လှိုင်တင့် တို့က မိမိတို့ တာဝန်ယူ ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန် ချပြရှင်းလင်းပြောကြားခဲ့ကြပြီး၊ တက်ရောက်လာကြသည် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ