မုံရွာ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာ စကား ပြောကြားရာတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အနီးကပ်တာဝန်ခံ၊ တာဝန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးနေသူတွေ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာ အားလုံးက ညီညီညာညာနဲ့ ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မိမိတို့လုပ်ငန်းများဆောင်ရွက်တဲ့ အခါမှာ ကြုံလာရတဲ့အခက်အခဲတွေကို အချိန်နဲ့ တပြေးညီ တင်ပြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေးလုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်ပြီး ပူးပေါင်းလုပ်ကိုင်နေကြသည်ကို ဌာနဆိုင်ရာအကြီးအကဲ အားလုံးသိရှိပြီး ဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲ၏ လုပ်ငန်းလမ်းညွှန်ချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း၊ ထိုလုပ်ငန်း စဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာမှာ ယနေ့အစည်းအဝေး တက်ရောက် သူများက အဓိကကျပါကြောင်းနှင့် မိမိတို့ဌာန အလိုက် ပြဌာန်းထားတဲ့ ဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ် လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် မိရိုးဖလာ၊ သမားရိုးကျ နည်းလမ်းများအစား ခေတ်မီ သိပ္ပံနည်းစနစ်များဖြင့် ပြုပြင်ပြောင်းလဲ ကာ၊ တိုင်းပြည်အပေါ် စေတနာထားပြီး လုပ်ကိုင်ခြင်းကို မူဝါဒ အဖြစ်ခံယူလျက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ လုပ်ငန်းခွင်၌ တွေ့ကြုံရသည့် အခက်အခဲများ၊ ရှေးဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်း ဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်မောင်လင်းက တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)