မော်လမြိုင်ကျွန်း၊ မေလ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကိုမြို့နယ် အားကစားခန်းမသစ်၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
“ကျန်းမာခြင်းသည်လာဘ်တစ်ပါး မှန်မှန်လှုပ်ရှားလူတိုင်းအတွက် အားကစား” ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျန်းမာကြံ့ခိုင်မှုရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက် သောအားကစားသမားကောင်းများ ဖြစ်ပေါ်လာစေရေး၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေးများနှင့် ပူးပေါင်းဆောင်ရွက်လို စိတ်ရရှိရေး၊ အမိန့်နာခံတတ်မှု၊ သန့်ရှင်းသောစိတ်ဓါတ်အစရှိသော အခြေခံကောင်းများ ရရှိစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး အဆိုပါအားကစားသင်တန်းတွင် ဘောလုံး၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့ အားကစားနည်း (၅) မျိုး ကိုဖွင့်လှစ်ထားရှိပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများအား မေလ ၁၁ ရက်နေ့မှ ၂၅ရက်နေ့ အထိ ညနေ ၄ နာရီမှ ၅:၃၀ အချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အောင်အောင်(ပြန်/ဆက်)