ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ မေ ၁၃ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီ က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က နိုင်ငံဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်လျက်ရှိသူများ ဖြစ်ကြကြောင်း၊ နိုင်ငံ၏ စီးပွားရေးစနစ်များ အစိုးရများ မည်သို့ပင်ပြောင်းစေကာမူ နိုင်ငံဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု စည်းကမ်းဖောက်ဖျက်မှု တာဝန်ပျက်ကွက်မှုတို့ကြောင့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ အရေးယူခံရမှုများလည်းရှိကြောင်း၊ နိုင်ငံဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာပါက ညွှန်ကြာချက်များနှင့်အညီ စဉ်းစားသုံးသပ်ဆောင်ရွက်ပေးသွားရန် ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ် ၁၉−ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိလာသည့်အတွက် မည်သူမဆို ခရီးသွားလာမှုအား အတတ်နိုင်ဆုံး ရှောင်ရှားကြစေလိုကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးစီမံချက်ဖြင့် ကျေးရွာ ထင်းစိုက်ခင်းကို တစ်ရွာလျှင် အနည်းဆုံး(၂)ဧကမှ တက်နိုင်သလောက် ယခုနှစ်မှစ၍ စိုက်ပျိုးစေလိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သတ်ပြီး အထူးဂရုပြုဖို့လိုကြောင်း၊ လိုအပ်ပါက စောင့်ကြည့်ရေးကင်မရာ CCTV များ တပ်ဆင်ရန်ဖြစ်ကြောင်း၊ မြို့ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် တွန်းအားပေးဆောင်ရွက်ဖို့လိုကြောင်း၊ ဌာနဆိုင်ရာရုံးဌာနများတွင်လည်း လိုအပ်ပါက မိုးဦးရာသီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)