ကော့ကရိတ်မြို့၌ မင်းကွတ်သီးအထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိ

 

ကော့ကရိတ် မေ ၁၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်​ကျေးရွာ၊ သသမိန်ဒွတ်ကျေးရွာ၊ ဝင်းကကျေးရွာအုပ်စု၊ ထီးစူးခီးကျေးရွာ တို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် မင်းကွတ်သီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိသည့်အတွက်  မင်းကွတ်သီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မင်းကွတ်သီးက အရင်နှစ်ကအတိုင်းဘဲ စျေးရပါတယ်၊ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်ကထက် မင်းကွတ်သီးအထွက် နှုန်းကောင်းပြီး အမြို့မြို့အနယ်နယ်မှာရှိတဲ့ သစ်သီးအဝယ်ဒိုင်တွေက ခြံအထိ လာရောက်ဝယ်ယူလို့ အဆင်ပြေပါတယ်။မင်းကွတ်သီးက အကြီးအသေးပေါ်မူတည်ပြီးတော့ စျေးရပါတယ်။ ယခုအချိန်မှာ ​မင်းကွတ်သီး တစ်လုံးကို ငွေကျပ် ၉၀မှ ၂၀၀အထိ စျေးရရှိနေတယ်" ဟု ဖားကျကျေးရွာမှ မင်းကွတ်သီးစိုက်ပျိုးထားသည့် ခြံရှင်တစ်ဦးက ပြောကြားသည်။

ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံရောင်းဝယ်လုပ်ကိုင်သူတစ်ဦးက မင်းကွတ်သီးကို ရာသီပေါ်သီးနှံဆိုင်တန်းတွေမှာ ခင်းကျင်းပြီးတော့လည်း ရောင်းတယ်၊ အမြို့မြို့အနယ်နယ် ကိုလည်း တင်ပို့ရောင်းချတယ်။ ခင်းကျင်းပြီး ရောင်းတဲ့အခါမှာ အရင်နှစ်တွေလောက်တော့ စျေးရောင်းမကောင်းဘူးပေါ့။ ဒါပေမဲ့လည်း သစ်သီးအဝယ်ဒိုင်တွေက လှမ်းမှာနေ ကြတဲ့အတွက် အဆင်တော့ပြေပါတယ်။ ယခုအချိန်မှာ မင်းကွတ်သီး အလုံးရေ ၃၀၀ဆံ့ခြင်းနှင့် အလုံးရေ ၅၀၀ဆံ့ခြင်း အလုံပိတ်တို့ဖြင့် မြို့တစ်မြို့ကို တစ်ရက်လျှင် အနည်းဆုံး ခြင်း (၁၀)ခြင်းလောက် တင်ပို့ရောင်းချနေရတယ်။  မင်းကွတ်သီးတွေကို အသေးကြီးအပေါ်မူတည်ပြီးတော့ ခြင်းတစ်ခြင်းမှာ အလုံးရေ ၃၀၀ဆံ့တာရှိတယ်၊ အလုံးရေ ၅၀၀ဆံ့တာရှိတယ်။ စျေးကတော့ တူတူဘဲ ခြင်းတစ်ခြင်းကို ငွေကျပ် (၆၀၀၀၀)စျေးရရှိတယ်ဟု ပြောသည်။

အဆိုပါကျေးရွာများတွင် ထွက်ရှိသည့် မင်းကွတ်သီးများကို ကော့ကရိတ်မြို့တွင်း သာမက နေပြည်တော်၊ ရန်ကုန်၊ တောင်ငူ၊ တောင်ကြီး၊ မြဝတီ၊ ဘားအံမြို့တို့ရှိ သစ်သီးအဝယ်ဒိုင်များထံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ ရာသီပေါ် သီးနှံအဝယ် ဒိုင်များထံမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)