ဇီးကုန်းမြို့နယ်တွင် နွေစပါးစိုက်ဧက(၃၃၆၂)ဧက စိုက်ပျိုးထားရှိပြီး စတင်ရိတ်သိမ်း

ဇီးကုန်း  မေ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်မှရရှိသော ဆည်ရေဖြင့် စိုက်ပျိုးသော ၂၀၂၁ ခုနှစ် နွေစပါးများကို ရိတ်သိမ်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရသည်။

ယမန်နေ့နှင့် ယနေ့နံနက်က ဘုရားကြီးကုန်းကျေးရွာအုပ်စုနှင့် ရွှေကြို့ပင်ကျေးရွာအုပ်စု တို့တွင် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် (၈၄.၃၄) (အခြောက်တင်း) ထွက်ရှိကြောင်းနှင့် မေလဆန်းမှ စတင်ကာ တောင်သူများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ဇီးကုန်းမြို့နယ်တွင် နွေစပါးစိုက် ဧကများ၏ ၃၅ ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီးလျက်ရှိကြောင်းနှင့် အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် တောင်သူလယ်သမားများသည် ၂၀၂၁ ဇန်နဝါရီလ ပထမပတ်မှစတင်၍ ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက(၃၃၆၂)ဧကကို စတင်စိုက်ပျိုးခဲ့ကြရာ ရတနာတိုးစပါး၊ ဆင်းသုခစပါး၊ ပြည်တော်ရင်စပါးနှင့် GW-11 စပါး မျိုးများကို အများဆုံး ထည့်သွင်းစိုက်ပျိုး ကြကြောင်းနှင့် နွေစပါးစိုက်တောင်သူများ အထွက်နှုန်းတိုးတက်ကောင်းစေရန် ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မျိုးစေ့ချကိရိယာ (Drum Seeder) အခမဲ့ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာနှင့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်စပါးများ ဖြန့်ဖြူးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုး ထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)