ကြို့ပင်ကောက် မေ ၁၃
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း အသီးသီးမှ သင်ကြားရေး ဆရာ ဆရာမများ ဇွန်လတစ်ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် တာဝန်ကျရာ အခြေခံပညာကျောင်းများ အသီးသီးသို့ သွားရောက်၍ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဆရာဆရာမ စုစုပေါင်း ၁၃၃၀ ဦးရှိပြီး CDM လှုပ်ရှားနေသူနှင့် ဆက်သွယ်၍ မရသူ(၉)ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်ရှိသော ဆရာ၊ ဆရာမများဖြင့် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အချက် ၃၃ ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အထက်တန်းကျောင်း(၅)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျေင်း(ခွဲ) (၆)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၄)ကျောင်း၊ မူလတန်းကျောင်း(၁၂၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၁၇၂)ကျောင်းတို့တွင် မေလ (၂၄)ရက်နေ့မှစ၍ ကျောင်းအပ်နှံရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မည်သည့် အခကြေးငွေမျှ ယူဆောင်ခြင်းမရှိဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်ဆက်)