ဘုရားသုံးဆူ မေ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလ နောက်ဆုံးပတ်အတွင်း ကျောင်းအပ်နှံရေးဆောင်ရွက်ပေးမည်ဖြစ်သည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘုရားသုံးဆူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(mask)၊ face shield တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)