အချိန်နှောင်းသော်လည်း ခရမ်းချဉ်သီးဈေးများပြန်တက်လာ၍ စိုက်ပျိုးသူများ အဆင်ပြေ

မင်းဘူး မေ ၁၃ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်စိုက်ခင်းများ စိုက်ပျိုးချိန် နောက်ကျသော်လည်း ခရမ်းချဉ်သီးဈေး ပြန်တက်လာသဖြင့် အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။ "ခရမ်းချဉ်က မီးဖိုချောင်သုံး စားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၉၀၀/၁၀၀၀ ကနေ ၁၀၀/၂၀၀ ကျပ်ဈေးအထိ ထိုးကျသွားတော့ ကျွန်တော်တို့ တောင်သူတွေ တော်တော် ဒုက္ခရောက်ကျတယ်။ အခုတော့ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေး ၁၆၀၀ ကျပ်အထိ ပြန်တက်လာတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အတိုင်းမသိ ဝမ်းသာရပါတယ်'' ဟု ခရမ်းချဉ်စိုက်တောင်သူ ကိုဘအေးက ပြောကြားခဲ့သည်။ မင်းဘူးမြို့နယ်ရှိ ကျေးရွာများအနက် ကျောက်တန်းကျေးရွာမှာ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်ရယ်လို့ အမျိုးမျိုး စိုက်ပျိုးကြပြီး ယခုမင်းဘူး ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၃၀၀/၁၄၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။ "ဒီနှစ်က အခြားဟင်းသီးဟင်းရွက်ဈေးတွေ အကုန်ကျပြီး ခရမ်းချဉ်သီးဈေးတစ်မျိုးဘဲ ၄၀၀/၅၀၀ ကနေ ၁၆၀၀ ဈေးအထိ ပြန်တက်လာတာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေး ပြန်တက်လာတော့ တောင်သူတွေ အသက်ရှူချောင်တာပေါ့'' ဟု ကျောက်တန်းကျေးရွာမှ စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ပြောကြားခဲ့သည်။ အပင်ငယ်ငယ် အချိန်မှာ မိုရောဂါ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။ ဇေယျာထက် (မင်းဘူး)