ရေကြည်မြို့နယ်၊ ရေနံသာစစ်ဆေးရေးဂိတ်နှင့် ငါးသိုင်းချောင်း(ရေနံသာ) - ဂွ လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး

ပုသိမ်   မေ  ၁၃

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊  ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့နံနက် ၈ နာရီ က ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်  (ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဖြတ်သန်းရာ စစ်ဆေးရေးဂိတ်တစ်ခု) သို့ သွားရောက်၍ လုံခြုံရေးစစ်ဆေးမှု အခြေအနေများ၊ COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန်၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းဆောက်လုပ် ရေးစီမံကိန်းအထူးအဖွဲ့(၂၀)မှ တာဝန်ယူကာ တင်ဒါအောင်ကုမ္မဏီများမှ ဆောင်ရွက်နေသည့်ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတစ်ခုလုံး၏ ပြီးစီးမှု (၉၅.၃၁၅%) ဆောင်ရွက်နေမှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းသည် Jica ODA  LOAN ဖြင့် (0km မှ -35.290km ထိ) (35.290km) အား (၂၁၅၉၇.၁၉၈)ကျပ်သန်း တန်ဖိုးရှိ (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းအား ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခု၂၀၂၁ ခုနှစ် မေလတွင် လုပ်ငန်းများရာခိုင်နှုန်းပြည့် အချိန်မီဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြသည်။ အဆိုပါလမ်းမကြီးသည် မြန်မာနိုင်ငံအနောက်ဖက် ရခိုင် ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်သည့်အတွက် ဖွံဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများကို လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန် စီစဉ်ဆောင်ရွက် ခြင်းဖြင့်၊ သက်ဆိုင်ရာဒေသအတွင်းမှပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးဘဝများ ဖွံဖြိုးတိုးတက်လာကြစေရန် ရည်ရွယ်ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြင့်ဟန်