လေးမျက်နှာ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်၌ လူငယ်များ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်နဲ့တာဝန်ယူစိတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ဆရာဦးခင်ဇော်မှ လူငယ်နဲ့တာဝန်ယူစိတ်ခေါင်းစဉ်ဖြင့် ယခုခေတ်ဟာ ပညာခေတ်ဖြစ်ကြောင်း၊ ပညာခေတ်ဆိုတော့လူသားများဟာ ကိုယ့်တာဝန်ဘာလဲဆိုတာ ကိုယ်မသိဘဲမနေကြောင်း၊ သို့သော်တာဝန်သိစိတ်ရှိရုံနဲ့ မလုံလောက်ဘဲ တာဝန်ယူစိတ်ရှိဖို့လိုကြောင်း၊ တာဝန်တွေကိုကိုယ့်သဘောနှင့်ကိုယ်ယူပြီး ဆောင်ရွက်တတ် သူများကိုလူ့အဖိုးတန်ဖြစ်ပြီး တာဝန်ယူစိတ်မရှိတဲ့လူဟာ အမှိုက်ဟု လူ့အဖွဲ့အစည်းက သတ်မှတ်လေ့ရှိကြောင်း ဆွေးနွေးပါသည်။ ဆက်လက်၍ ဆရာလှိုင်အေး(လေးမျက်နှာ)မှ ယနေ့ခေတ်မိဘတိုင်းဟာ သားသမီးတွေကို ဂုဏ်ထူးဘွဲ့ထူးများဖြင့် အောင်းမြင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာများဖြစ်လာဖို့ လောက်ကိုသာ အမြင့်ဆုံးရည်မှန်းချက်အဖြစ် ထားရှိတတ်ကြကြောင်း၊ လူ့လောကအတွက် အဖိုးတန်တဲ့လူ့အဖိုးတန်လေးတွေဖြစ်လာစေရမယ်ဆိုတဲ့ရည်မှန်းချက်မျိူးထားရကောင်းမှန်းသိသူနည်းလှကြောင်း၊ ရာထူးကောင်းကောင်း၊ ဝင်ငွေကောင်းကောင်းရှိသူတိုင်းကို လူ့အဖိုးတန်ဟုသတ်မှတ်နိုင်တာမဟုတ်ဘဲ အများအကျိူး၊ လူသားများအကျိူးအတွက် အသက်စွန့်ဖို့ ဝန်မလေးတဲ့စိတ်ရှိသူမျိူးကိုသာ လူ့အဖိုးတန်ဟုသတ်မှတ်ကြောင်း ကလေးတွေသိစေဖို့ မိဘများကဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းဆွေးနွေးပါသည်။ ထို့နောက်တက်ရောက်လာကြသော စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များမှ သိရှိလိုသည်များကိုမေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
လေးမျက်နှာ(ပြန်/ဆက်)