ကျေးလက်ဒေသတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်    မေ    ၁၂
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်သို့ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ မေလ ၁၁ ရက်နေ့  နေ့လည်ပိုင်းက  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ညောင်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရွာလမ်းမ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် ညောင်ကုန်းကျေးရွာအုပ်စု လက်ခုပ်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ၄ လက္မ စက် ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ ရေသိုလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က လုပ်ငန်းများကို ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ရေစက်ရုံရှိ စက်ပစ္စည်းများ ပျက်စီးမှုနည်းပါးစေရန် ထိန်းသိမ်းရေး၊ ရေတွင်ပါဝင်သော ဒြပ်သတ္တုများစိစစ်ရေး၊ ကွန်ကရစ်လမ်းတွင် ကျေးရွာမှဆောင်ရွက် ရန်ရှိသောအပိုင်းကို ဆက်လက် ခင်းနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုပြုကြရန်မှာကြားပါသည်။ ဆက်လက်ပြီး ရွာသစ်ကုန်းကျေးရွာ ရွာလမ်းမ (၁၀၀၀ ပေ× ၈ပေ×၆လက္မ) သည် နိုင်ငံတော်မှကျပ် ၁၀ သန်း ၊ပြည်သူထည့် ဝင်ငွေကျပ်( ၀ ဒသမ ၅) သန်းဖြင့်  VDP ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လက်ခုပ်ကျေးရွာတွင် အချင်း ၄ လက္မ၊ အနက်ပေ ၄၀၀ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံနှင့်ရေသိုလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းမှာ နိုင်ငံတော်မှ ကျပ် ၁၀ ဒသမ ၇ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ လုပ်ငန်းအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် အတူ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်တို့မှ တာဝန်ရှိသူများက ကွင်းဆင်းရာသို့ အတူလိုက်ပါ ခဲ့ကြောင်းသိရသည်။
ဇင်မာ