နတ်မောက် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက အောင်ဆန်းရပ်ကွက်ရှိ အ.ထ.က(၃)တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင် ဆောင်ရွက် မှုများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလနောက်ဆုံးအပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ရေးအတွက် ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းဝေ