ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

ကျောက်တံခါး မေ ၁၂

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေ ၁၂ ရက်နေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများကို စုပေါင်းပြုလုပ် ခဲ့ကြသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလနောက် ဆုံး အပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများပြန်လည် ဖွင့်လှစ်ပါ က ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင် စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ် သည့် ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ရက် မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံ သွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာ အကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)