တောင်ငူ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်

တောင်ငူ မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ မေလပထမပတ်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ငုဝါထွေးက မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာသူ/သားအကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရန်၊ စီမံကိန်း၏ အကျိုးကျေးဇူးနှင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရရှိသည့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ ထားရှိရာ အတိုးရငွေဖြင့် ကျေးရွာအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖြစ် ကျောက်ရောမြေခင်းကျင်းခြင်း၊ မြေသားလမ်းပြုပြင်ခြင်း၊ လျှပ်စစ်မီးလင်ရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံကိန်းရရှိသည့် ကျေးရွာနေ ကော်မတီဝင်များက ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းကို အကြံပြုဆွေးနွေး တင်ပြကြသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ မြစိမ်းရောင် စီမံကိန်းကျေးရွာကော်မတီဝင်များ တတ်​ရောက်ကာ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)