တနင်္သာရီ မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းအသီးသီးမှ သင်ကြားရေးဆရာ/မများသည် ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မေလ၂၄ရက်မှစ၍ ကျောင်းအပ်နှံရေး ဆောင်ရွက်နိုင်ရန် တာဝန်ကျရာ အခြေခံပညာကျောင်းများ အသီးသီးသို့ မေလ(၁၂)ရက်အထိ (၅၅၅)ဦး အလုပ်ပြန်လည် ဝင်ရောက်နေကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်တွင် အထက်တန်းပြဆရာ/မ စာရင်းရှိ(၉၁)ဦးအနက် အလုပ်ဝင်ရောက်သူ (၄၈)ဦးရှိပြီး၊ (၄၃)ဦး ပျက်ကွက်သည်။ အလယ်တန်းပြဆရာ/မစာရင်းရှိ (၃၂၂)ဦးအနက် (၁၉၈)ဦး
အလုပ်ပြန်လည်ဝင်ရောက်၍ (၁၂၄)ဦး ပျက်ကွက်ခဲ့သည်။ အလားတူ မူလတန်းပြဆရာ/မ(၅၉၆)ဦး
စာရင်းရှိပြီး၊ (၃၀၉)ဦး အလုပ်ပြန်လည်ဝင်ရောက်ကာ (၂၈၇)ဦး ပျက်ကွက်နေကြောင်း၊ စာရင်းချုပ် အားဖြင့် (အထက်တန်းပြ+အလယ်တန်းပြ+မူလတန်းပြ) စုစုပေါင်း စာရင်းရှိ(၁၀၀၉)ဦး အနက် အလုပ်ပြန်လည်ဝင်ရောက်ကြောင်း သတင်းပို့သူ ဆရာ/မ(၅၅၅)ဦး၊ CDM လှုပ်ရှားနေသူ (၃၉၂)ဦး၊ ဆက်သွယ်၍မရသူ (၆၂)ဦးနှင့် စုစုပေါင်းပျက်ကွက်နေသူ (၄၅၄)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တနင်္သာရီမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ အထက်တန်း(၆)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၈)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၄)ကျောင်း၊ မူ(လွန်)ကျောင်း(၁၆)ကျောင်း၊ မူလတန်း(၇၆)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၁၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၄၁)ကျောင်းရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)