သဲကုန်း မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့ ပြည်သူ့ဆေးရုံ၊ ပုတီးကုန်းမြို့ ပြည်သူ့ဆေးရုံ၊ အင်းမမြို့ ပြည်သူ့ ဆေးရုံနှင့် ဆင်မြီးဆွဲမြို့ ပြည်သူ့ဆေးရုံများရှိပြီး ဆေးကုသရေးနှင့် ခွဲစိတ်ကုသရေးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး မေလပထမပတ်မှ စတင်ကာ မြို့နယ်၏ ပြည်သူ့ကျန်းမာရေးစီမံချက်များ အနက်မှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆီးချို သွေးတိုးကဲ့သို့သော မကူးစက်တတ်သောရောဂါ စသည့်စီမံချက်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အပြင် မတ်လမှ စတင်ပြီး ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းအင်အား စုစုပေါင်း ၆၇ ဦးခန့်ဖြင့် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် သီးသန့်ခန်း၊ အကာအကွယ်ပစ္စည်းများ ထားရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အသက် (၆၅)နှစ် အထက်ပြည်သူများ၊ ကျန်းမာရေး ဌာနဝန်ထမ်း မိသားစုဝင်များ စုစုပေါင်း(၄၄၁၀)ဦး၊ ဧပြီလတွင်(၄၁၀၁)ဦးနှင့် ဧပြီလနောက်ဆုံးအပတ် တွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော ပြည်သူ(၁၆၉၇)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်း (သဲကုန်း ပြန်/ဆက်)