ဘားအံ မေ ၁၂
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်း စီမံချက် အချိန်မီပြီးစီးအောင်မြင်ရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက တရားမျှတပြီးလွတ်လပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် မဲဆန္ဒရှင်အားလုံး ဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ယခု ပန်းခင်းစီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် လူဦးရေ တစ်သိန်းငါးသောင်းကျော်ခန့်အား နိုင်ငံသားစိစစ်ရေးကတ် အပါအဝင် သတ်မှတ်သည့်ကတ်တစ်မျိုးမျိုးရရှိနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်အချို့ကို နိုင်ငံတော်မှ ကျခံပေးမည်ဖြစ်ပြီး အချို့ကို ပြည်နယ် ရန်ပုံငွေ မှ ကျခံပေးသွားမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်တွင်ပါဝင်သည့် ဝန်ထမ်းများအနေဖြင့် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည့်အခါ သွားလာရခက်ခဲသည့်ကျေးရွာများကို ကြိုတင် မျှော်တွေးစီစဉ်ထားဖို့လိုကြောင်း၊ အရေးအကြီးဆုံးမှာ လူဦးရေစာရင်းအချက်အလက် Data မှန်ကန် ရေးနှင့် အချိန်မီပြီးစီးရေးပင်ဖြစ် ကြောင်း၊ ပန်းခင်း စီမံချက် ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မည့်အစီအစဉ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြသည့် အခါ တက်ရောက်လာသူများကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြို့နယ်အလိုက်ဆောင်ရွက်ရမည့် စာရင်းကောက်ယူခြင်း၊ သွေးစစ်ခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းနှင့် အုပ်ချုပ်မှုကိစ္စတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ ကရင်ပြည်နယ်၏ နယ်မြေအခြေအနေ၊ ဝန်ထမ်းအင်အားဖွဲ့စည်းမှု၊ ရပ်/ကျေးအုပ်စုနှင့် အသက်အပိုင်းအခြားအလိုက် လူဦးရေ၊ အကြမ်းဖျဉ်းစီမံချက်၊ အသေးစိတ်စီမံချက်၊ ပြည်နယ်စီမ ံအုပ်ချုပ်ရေးကောင်စီမှ ဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို Power Point အသုံးပြု၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများအကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)