အုတ်ဖိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

အုတ်ဖို မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ကျက်ဆူတော-ထူးချောင်း-ရွာသစ်-ပိန်းကွေ့-ချောင်းနားလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းအဖွဲ့မှ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်မှတ် ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ယခင်က မြေသားလမ်းဖြစ်ပြီး လမ်းမိုင်စုစုပေါင်းမှာ ၈ မိုင်ရှိရာ ယခုအခါ လမ်းမိုင် ၁/၅မိုင်၊ လမ်းအကျယ်(၁၆)ပေနှင့် ၁၄ လက်မထုရှိသည့် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ကျောက်ချောလမ်းမှာ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက ကျေးရွာ(၂၅)ရွာမှ လူဦးရေ(၁၂၀၃၀)ဦးအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး ပိုမိုအဆင်ပြေချောမွေ့သွားမှာဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်စုစုစံ ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)