ပဲခူး မေ ၁၂
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် ကျေးလက်လမ်းများအား လာရောက်ရှင်းလင်းတင်ပြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည် တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည် တည်တံ့ခိုင်မြဲမှသာ ကျေးလက်ထုတ်ကုန်များ ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံး ရောက်ရှိ နိုင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းများ ရာသီမရွေး သွားလာ နိုင်သည့် လမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် ရရှိသည့်ဘဏ္ဍာငွေများ လေလွင့်မှု နည်းပါးစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကျော်လူက ပဲခူးတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီး ခဲ့သည့် ကျေးလက်လမ်း/တံတား၊ ဆောင်ရွက်ဆဲ ကျေးလက်လမ်း/တံတားများနှင့် ထပ်မံ ဆောင်ရွက်ရန် ကျန်ရှိသည့် ကျေးလက်လမ်း/တံတားများ၏ အခြေ အနေအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က ကျန်ရှိသည့်ကျေးလက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အဆင့်အလိုက် သတ်မှတ် ကာ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေး မှူးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)