တောင်ငူ၌ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေ

တောင်ငူ မေ ၁၂
တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာနှစ်ရွာဖြစ်သည့် ၆ မိုင် ကျေးရွာနှင့် ၄ မိုင်ကျေးရွာသို့ တစ်ပတ်လျှင် သောက်သုံးရေ ဂါလံ ၁၀၀၀ ဆံ့ ရေသည်ယာဉ်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများကို ဂါလံ ၁၀၀၀ ဆံ့ ရေသည်ယာဉ်ဖြင့် ကျေးရွာတစ်ရွာလျှင် တစ်ပတ်အတွင်း ဂါလံ ၂၀၀၀ နှုန်းဖြင့် သွားရောက်ကာ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သောက်သုံးရေလိုအပ် သည့် အခြားနေရာများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်သွယ်ကာ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့ပြင် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေပေးရေးလုပ်ငန်းအဖြစ် နတ်ရေတွင်းကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ ကျောက်လုံးကြီးကျေးရွာ၊ ကြိုပင်ဆိတ်ကျေးရွာ၊ ကံရွာကျေးရွာ၊ အလယ်ရွာကျေးရွာ၊ နဂါးမောက်ကျေးရွာ၊ ပိတောက်ကုန်းကျေးရွာနှင့် ကြူဇောင်း ကျေးရွာအတွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ရေတိုင်ရာရောက် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေတို့ဖြင့် ကျပ် ၁၃၂ ဒသမ ၂၇ သန်း အကုန်ကျခံကာ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တောင်ငူခရိုင်(ပြန် /ဆက်)