သာယာဝတီ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး စံပြကွက် စနစ်တကျ ရိတ်သိမ်းခြင်းကို သစ်ရာကုန်း ကျေးရွာအုပ်စုအတွင်း တောင်သူ ဦးတိတ်လွင်၏ မေ ၁၁ နံနက်ပိုင်းက အထွက်နှုန်း တိုင်းတာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မေလဆန်းမှ စတင်ကာ နွေစပါးများကို ရိတ်သိမ်းမှုများ ပြုလုပ်ကြပြီး ကျေးရွာအချို့တွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေး စံပြကွက်များ ရိတ်သိမ်းရာ၌ ရေဝင်ရက် ၉၀ စပါးဖြစ်သော ထိုင်းနှံကောက်စပါးမျိုး တစ်ဧကလျှင် တင်း ၁၂၀ ခန့် ထွက်ရှိကြောင်း သိရသည်။ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း နွေစပါးစိုက်ခင်းများ ထွက်ရှိနှုန်း ပိုမိုကောင်းမွန်သဖြင့် စပါးစျေးနှုန်း ငွေကျပ် ငါးသိန်းအထက် ရရှိနိုင်ပါက နွေစပါးစိုက်ပျိုးတောင်သူများ အနေဖြင့် ပိုမို အဆင်ပြေနိုင်မှာဖြစ်ပြီး မိုးစပါးဆက်လက်စိုက်ပျိုးနိုင်မှာ ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးတောင်သူဦးတိတ်လွင် က ပြောသည်။
သာယာဝတီမြို့နယ်တွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ ၃၅၀၀ ကျော်ရှိပြီး စိုက်ပျိုးဧကပေါင်း ၁၀၃၆၆၅ ဧက ရှိရာ နွေစပါးစိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စပါးအထွက်နှုန်း ကောင်းမွန်မှုရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှ မြို့နယ်အတွင်းရှိကျေးရွာများ၌ တောင်သူပညာပေး စံပြကွက်များ ထားရှိကာ အရည်အသွေးတိုင်းတာခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှုနည်းပါးစေရေး၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး၊ မြေသြဇာစနစ်ကျ အသုံးပြုနိုင်ရေး၊ အလေအလွင့်နည်းပါးအောင် နည်းစနစ်မှန်မှန် စိုက်ပျိုးနိုင်စေရေးတို့အတွက် အသိပညာပေး ကဏ္ဍများပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်