ဘွဲ့ကြို/ဒီပလိုမာ နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ)သင်တန်းများနှင့်ပါရဂူဘွဲ့ကြိုသင်တန်းများ သင်ကြားသင်ယူနေမှုအခြေအနေများကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေး

ဘားအံ မေ ၁၁

ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့တွင် ဘွဲ့ကြို/ဒီပလိုမာနောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ DTEd-၂၃/၁၈ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)သင်တန်း တက်ရောက်နေကြသည့် သင်တန်းသား/သူ၊ ဆရာ/မများနှင့် တွေ့ဆုံရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်တန်းပြီးဆုံး၍ တာဝန်ထမ်းဆောင်ကြသည့်အခါ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ပညာအရည်အသွေးမြင့်မားရေးအတွက် ဝါသနာ၊ စေတနာ၊ အနစ်နာဟူသည့် နာသုံးနာဖြင့် တာဝန် ထမ်းဆောင်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ မိဘများအပေါ်ရိုသေလေးစား၍ ကျေးဇူးတရားသိတတ်သည့် နိုင်ငံအတွက် အားထားရသော လူရည်ချွန်လူရည်မွန်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကို ကျော်လွန်ထိုးဖောက်ကြည့်မြင် နိုင်စွမ်းရှိသည့် ကျောင်းသားကျောင်းသူများဖြစ်အောင် သင်ကြားပေးရန် လိုကြောင်း၊ ယခုကဲ့သို့သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်သည့် အနေအထားမျိုးရောက်အောင် ဝိုင်းဝန်းကူညီပေးကြသူ အားလုံးကိုကျေးဇူးတင်ကြောင်းနှင့် လိုအပ်သည်များရှိပါက ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ် နောက်ဆုံးနှစ် ဝိဇ္ဇာ/သိပ္ပံဘွဲ့သင်တန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်းများနှင့် မဟာဘွဲ့ပထမနှစ်သင်တန်းများ သင်ကြား၊ သင်ယူနေမှု အခြေအနေများကို ကြည့်ရှု့အားပေးပြီး ဒုတိယပါမောက္ခချုပ်ရုံးခန်း၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ်၏ နေ့အလိုက်ကျောင်းတက်ရောက်မှုအခြေအနေ၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်မှုအခြေအနေ၊ လုံခြုံရေးဆောင်ရွက်မှုအခြေအနေမျာအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ) အစည်းအဝေးခန်းမ၌ သင်ကြားရေးဝန်ထမ်းများ၊ စီမံဝန်ထမ်းများ နှင့်တွေ့ဆုံရာ နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က ဝန်ထမ်းများ ကျောင်းတက်ရောက်မှုအခြေအနေ၊ တည်ဆောက်ရေး လုပ်ငန်းများအခြေအနေနှင့် ပြန်လည်ဖွင့်လှစ်သည့် A.G.T (၃)နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်သင်တန်းများအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း၌ GTHS (၂)နှစ်သင်တန်းများ၏ ဒုတိယနှစ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ကြီး ဒေါက်တာနန်းမိုးမိုးကြည်နှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သို့ ရောက်ရှိပြီး ပဥ္စမနှစ် ကွန်ပျူတာသိပ္ပံနှင့် ပဥ္စမနှစ်ကွန်ပျူတာ နည်းပညာသင်တန်းများ သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ၊ ကထိက၊ သင်တန်းနည်းပြ ဆရာ/မများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)