ဇီးကုန်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မေလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၁)စုတွင် နေအိမ်(၁၃၄)လုံး အမိုးလန်ပျက်ဆီး၍ ပြိုလဲနေအိမ် (၄)လုံးအတွက် ပဲခူးတိုင်းဒေသကြီး သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားများ ပြောကြားပြီး၊ လေဘေးသင့် အမိုးလန်ပျက်ဆီးနေအိမ်(၁၃၄)လုံးနှင့် ပြိုလဲနေအိမ်(၄)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၇၇၀၀၀)ကျပ်၊ ပြိုလဲနေအိမ် လေးလုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၄)ပုံးနှင့် လေဘေးသင့်လူဦးရေ(၅၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၇၉၄၀၀)ကျပ်၊ စုစုပေါင်း (၃၆၅၆၄၀၀)ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးတို့က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လေဘေးသင့် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)