ပွင့်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသား စိစစ် ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အနောက်ကိုင်း ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင် ဇော်တင့် ၏ ကြီးကြပ်မှုဖြင့် မြို့နယ် လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ဒေသခံ ပြည်သူများ ကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင် မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာ အုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများကို အထောက်အထားများစိစစ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခြင်း ၊ အိမ်ထောင်စုလူဦးရေ စာရင်း စစ်ဆေးခြင်းနှင့် မွေးတိုးစာရင်း ဖြည့်စွက်ရေသွင်းခြင်းများကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ယခုလမှ စတင်ကာ ၂၀၂၂ ခုနှစ် ၊ မေလအထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် ထံက သိရသည်။
ရဲဝင်းနိုင်