ဇလွန် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မေလ ၆ ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ သည်။
ထောက်ပံ့ပေးအပ်ရာတွင် မေလ ၆ ရက်နေ့၌ ဇလွန်မြို့နယ်တွင် လေဘေးသင့်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁၃၁)စုအတွက် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာတစ်ပတ်စာအတွက် ထောက်ပံ့ငွေနှင့် ပြိုလဲနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့အား ဇလွန်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထိုက်နှင့်တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)