ကသာ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော တရုတ် ဆီးသီးခြံများမှ ထွက်ရှိသည့် တရုတ်ဆီးသီး(လိုင်ချီးသီး)များကို ကသာမြို့ရှိ ဈေးများအတွင်း၌ မေလပိုင်းမှစ၍ စတင်ရောင်း ချနေပြီ ဖြစ်သည်။
တရုတ်ဆီးသီး(လိုင်ချီးသီး)များ စပေါ်ချိန်တွင် အသီးအလုံး(၃၀)ပါ တစ်တွဲလျှင် ငွေ(၅၀၀)ကျပ် နှင့် ခြံအတွင်း သွားရောက်ဝယ်ယူလျှင် အသီးအလုံး(၃၀)ပါ တစ်တွဲ လျှင် ငွေ(၄၀၀)ကျပ် ဖြင့် ရောင်းချ ရကြောင်း၊ ဈေးများအတွင်း၌ တရုတ် ဆီးသီး(လိုင်ချီးသီး)များကို ကိုယ်ပိုင်ခြံမှ ခူးယူရောင်းချသူ များရှိသည့်အပြင် တစ်ဆင့်ခံဝယ်ယူရောင်းချသူများလည်း ရှိကြောင်း၊ ခြံမှထွက်ရှိသော အသီးများကို ကသာမြို့ရှိ ဈေးများသာမက မန္တလေးမြို့နှင့် ထီးချိုင့်မြို့များကိုလည်း တင်ပို့ရောင်းချရပြီး တရုတ် ဆီးသီး(လိုင်ချီးသီး)များကို အသီးစပေါ်သည့်အချိန်မှ တစ်လအတွင်း ရောင်းချရကြောင်း တရုတ် ဆီးသီး(လိုင်ချီးသီး)ရောင်းချသူများထံမှ သိရသည်။
" ဒီက ထွက်တဲ့ တရုတ်ဆီးသီး(လိုင်ချီးသီး)တွေကို ကသာမြို့ပေါ်အပြင် မန္တလေးမြို့နှင့် ထီးချိုင့်မြို့ တွေကိုလည်း အသီးထည့်တဲ့ ခြင်းတောင်း(၁)လုံးကို အလုံးကြီးရင် ငွေ(၄၅၀၀၀)ကျပ်နှင့် အလုံးသေးရင် ငွေ(၃၅၀၀၀)ကျပ်အထိ တင်ပို့ရောင်းချရတယ်။ ယခုနှစ်မှာတော့ အသီးတွေ စပေါ်ချိန်ဖြစ်တဲ့အတွက် ဈေးကောင်းရရှိတယ်။ နောက်ပိုင်းအသီးပေါလာရင်တော့ တစ်တွဲကို ငွေကျပ်(၂၀၀)အထိ ရောင်းချ ရတယ်"ဟု တရုတ်ဆီးသီး(လိုင်ချီးသီး)ရောင်းချသူ မနိုင်က ပြောသည်။
ကသာမြို့နယ်အတွင်း ထွက်ရှိသည့် တရုတ်ဆီးသီး(လိုင်ချီးသီး)များသည် ယခင်နှစ်က အသီးများ ဈေးကောင်းမရရှိသော်လည်း ရောင်းအားကောင်း ခဲ့ကြောင်း၊ ယခုနှစ်တွင် အသီးများ ဈေးကောင်းရရှိ သော်လည်း ဝယ်ယူ သူနည်းပါးသည့် အတွက် ရောင်းအားအနေဖြင့် အဆင်ပြေမှုမရှိကြောင်း၊ အသီးများ သည်လည်း ယခင်နှစ်ထက် ဖြစ်ထွန်းမှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)