ငဖဲ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အောင်ပင်လယ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံ မြေ စိုက်ပျိုးရေးလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်လျက်ရှိရာ ကျေးရွာ ၏အရှေ့ ဘက်ရှိလယ်မြေတွင် မြေအောက်ရေကိုအသုံးပြု၍ 855 ဖရဲမျိုးကိုစိုက်ပျိုး ရောင်း ချရာ အောင်မြင် ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
ကျွန်တော်စိုက်ပျိုးတဲ့ ဖရဲမျိုးက 855 ဖရဲမျိုးဖြစ်ပြီး မျိုးစေ့ထုတ် ၁ထုတ်ကို ငွေကျပ် ၁၈၀၀၀ ပေးရကြောင်း၊ စိုက်ပျိုးမည့်လယ်မြေကိုထယ်ထွန်၊ မြေပြုပြင် ၍ နှုန်းမြေ နှင့် နွားချေးများ ထည့်သွင်း၍ တစ်တောင်အနက် ရှိလိုင်းကျင်း ဖောက်၍ ရေသွင်းပေးရကြောင်း၊ ဖရဲစေ့များကို ပင်ကြား တစ်တောင် တန်း ကြား ၆တောင် စနစ်ဖြင့်စိုက်ပျိုးထားပြီး အပင်အနေအထားပေါ်မူတည်၍ မြေဩဇာကျွေးခြင်း၊ ဆေးဖြန်းခြင်းများ ဆောင်ရွက် ပေးရကြောင်း၊ လယ်မြေတွင်မိုးစပါးစိုက်ပျိုးပြီး ဖရဲကို စိုက်ပျိုး ရောင်းချခဲ့ရာ လေးနှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ယခုနှစ်ဖရဲကို နတ်တော်လပြည့်ကျော် ၈ရက်မှာ စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၁၀၀ ခန့်ပြည့်လျင် ခူးဆွတ်ရောင်းချလို့ရကြောင်း၊ ဖရဲသီးများကို တစ်လုံးလျင် ငွေကျပ် ၁၅၀၀ မှ ၂၅၀၀ ကျပ်ထိရောင်းချရပြီး ဖရဲသီးအလုံးကြီးတစ်လုံးလျင် ငွေကျပ် ၁၈၀၀ နှုန်းဖြင့် ပဒါန်းကျေးရွာနှင့် ငဖဲမြို့များမှဖောက်သည်များက အခင်းထဲထိလာရောက်ဝယ်ယူကြကြောင်း၊ လယ်မြေ ဒသမ ၅၀ ဧကရှိ လယ်မြေတွင်ဖရဲထုတ် ၄ထုတ်ကို စိုက်ပျိုးရာ အရင်းအားဖြင့် ငွေကျပ် ၄သိန်းခန့်ကုန်ကျပြီး တန်ခူးလ တစ်လလုံးဖရဲသီးများ ကိုရောင်းချရာ ငွေကျပ် ၁၈ သိန်းခန့်ရရှိလို့ မိသားစုဝင်ငွေတိုးပွားရရှိ ကြောင်း အောင်ပင်လယ်ကျေးရွာမှ ဖရဲစိုက်ပျိုးရောင်းချသူ တောင်သူ ဦးထွန်းလွင် ကပြောကြားသည်။
ငဖဲမြို့နယ်တွင် တောင်သူအများစုအနေဖြင့် တစ်နှစ်ကို မိုးစပါးတစ်သီးသာ စိုက်ပျိုးကြပြီး စိုက်ပျိုး ရေ အခြေအနေအရ နွေစပါးသီးနှံမစိုက်ကြတော့ဘဲ လယ်မြေများတွင် ပဲ၊ပြောင်း၊မြေပဲ၊တိုင်ထောင်ပဲ၊ သခွား၊ ခရမ်းချဉ်၊ဖရဲ စသည့် သီးနှံများကိုအများဆုံးစိုက်ပျိုးရောင်းချကြရာ သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး တောင်သူ များအပိုဝင်ငွေတိုးပွားလျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)