မင်းလှ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်နှင့် မင်းလှဆည်တို့မှ ရရှိသော ဆည်ရေဖြင့် စိုက်ပျိုးသော ၂၀၂၁ ခုနှစ် နွေစပါးများကို ဧပြီလစတုတ္တပတ်က စတင်ရိတ် သိမ်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နွေစပါးစိုက်တောင်သူများ အနေဖြင့် ရိတ်ချွေစက်များဖြင့် စပါးရိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက် ရှိရာ တစ်ဧကလျှင် အနည်းဆုံး တင်း(၁၀၀) ကျော် အထွက်နှုန်းရရှိခဲ့ပြီး၊ နွေစပါးရိတ်သိမ်းမှုမှာ ၈၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကြောင်း၊ မေလကုန်တွင် နွေစပါးစိုက်ဧကများ အားလုံးကို ရိတ်သိမ်းပြီးစီးနိုင်မှာဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင်၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ခန့်က ဆည်ရေ သောက်စနစ်ဖြင့်နွေစပါးစုစုပေါင်းစိုက်ဧက ၆၉၈၀ ဧကကို စတင်စိုက်ပျိုးခဲ့ပြီး ရတနာတိုးစပါး၊ ရက်ကိုးဆယ်စပါး၊ ချမ်းမြေ့မေစပါးနှင့် ရှမ်းရတနာစပါးမျိုးများ ထည့်သွင်းစိုက်ပျိုးထားကြောင်း၊ နွေစပါးစိုက်တောင်သူများ အထွက်နှုန်းတိုး တက်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာ အခမဲ့ငှားရမ်းပေးခြင်း စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းအောင်က ပြောပါသည်။
ပေါက်စ ပြန်/ဆက်