ဒိုက်ဦး မေ ၁၁
ပဲခူးခရိုင်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း အတွင်းတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက အဖွင့်အမှာ စကား ပြောကြားရာ ယခုပဲခူးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလားအသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှု (Mass Spots) ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ (Excellent Spots) မွေးထုတ်ပေးနိုင်ရေး၊ မြို့နယ်အသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုနှင့် ထူးချွန်ထက်မြက်တဲ့ လူငယ်သွေး သစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရေးတို့ကို အဓိကရည်ရွယ်ကြောင်း ပြောကြားသည်။
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအဖြစ် ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အသင်းတို့စတင် ယှဉ်ပြိုင်ကြကာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်များမှ အားကစားသမားများ တက်ရောက်ကြသည်။
ဘောလုံးပြိုင်ပွဲအား ဒိုက်ဦးမြို့နယ်နှင့်သနပ်ပင် မြို့နယ်ပြည်သူ့အားကစားကွင်းတို့တွင် နှစ်နေရာခွဲကန် မည်ဖြစ်ပြီး ဒိုက်ဦးမြို့နယ်၌ ကျောက်တံခါး၊ ရွှေကျင်၊ ညောင်လေးပင်နှင့် ဒိုက်ဦးမြို့နယ် သနပ်ပင် မြို့နယ်၌ ကဝ၊ ဝေါ၊ ပဲခူးနှင့် သနပ်ပင်မြို့နယ် အသင်းတို့သည် မေလ ၁၀ ရက်နေ့မှ စတင်ကာ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အနိုင်ရ အသင်းနှစ်သင်းသည် မေလ ၂၀ ရက်နေ့၌ ပဲခူးဟံသာဝတီ ကွင်းတွင် ဗိုလ်လုပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)