ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လွိုင်ကော် မေ ၁၁ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအား အလေးပြုသည်။ ထို့နောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာ တွင် ၂၀၂၁ ခုနှစ်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အားကစားကဏ္ဍကို စိတ်ပါဝင်စားလာပြီး ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်နှင့် အားကစားကို ချစ်မြတ်နိုးသည့် စိတ်ဓါတ်များ ပိုမိုနိုးကြားတက်ကြွလာစေရေး၊ မြန်မာ့ဘောလုံး အောင်မြင်မှု သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ အခြေအနေကို ပြန်လည်ရရှိလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရေးနှင့် ဘောလုံးအား ကစား ယှဉ်ပြိုင်ကစားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရရှိလာစေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှနေပြီး ပြည်နယ်လက်ရွေးစင် အသင်းအတွက် အရည်အချင်းပြည့်ဝတဲ့ အားကစားသမားကောင်းများ ရွေးချယ်သွားမှာဖြစ်ကြောင်း၊ ပြည်နယ်လက်ရွေးစင် အဆင့်မှ နိုင်ငံလက်ရွေးစင်အဆင့်ထိ ရောက်ရှိအောင် ကြိုးစားကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေဘောင်အတွင်းမှ အားကစားစိတ်ဓာတ်ရှိရှိဖြင့် အစွမ်းကုန် ယှဉ်ပြိုင်ကစားကြရန် လိုအပ်မှာဖြစ်ကြောင်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအနေနဲ့လည်း လုပ်ငန်းတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်အောင် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြား၍ ပြိုင်ပွဲအားစတင် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယနေ့တွင် ဘောလခဲအသင်းနှင့် ဒီးမော့ဆိုအသင်းတို့ စတင်တင်ယှဉ်ပြိုင်ကစားရာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်တို့က ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၂၁ ခုနှစ်၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မေလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမှာဖြစ်ပြီး မြို့နယ် (၇) မြို့နယ်မှ ပြိုင်ပွဲဝင် အသင်း (၇)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။ ပြည်နယ် (ပြန်/ဆက်)