မြိတ်မြို့တွင် အသက်(၂၁)အောက် ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်  မေ  ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အသက်(၂၁)အောက် ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေလ(၁၀)ရက် ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ကျင်းပရာ ပြိုင်ပွဲကို မြိတ်(ဘ.သ.န)FC အသင်းနှင့် အဏ္ဏဝါ FC အသင်းတို့ အကျိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲပြီးဆုံးချိန်အထိ (၄)ဂိုးစီ သရေကျခဲ့ပြီး ပယ်နယ်တီ ကန်ခဲ့ကြရာ အဏ္ဏဝါ FC အသင်း က (၅)ဂိုး ‌(၄)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲအား ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ဗိုလ်လုပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြိုင်ပွဲ တ‌လျှောက် ရှေ့တန်းအကောင်းဆုံး၊ အလယ်တန်း အကောင်းဆုံး၊ နောက်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုများနှင့် ဒုတိယဆု ရရှိကြသော အားကစားသမားများအား ဆုတံဆိပ်များ၊ လည်ဆွဲဆု၊ ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ငွေစိုးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပထမရရှိခဲ့သော အဏ္ဏဝါ FC အသင်းအား  လည်ဆွဲဆု၊ ငွေသားဆု နှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသူအောင်က ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲကို မေလ(၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)