နတ်မောက် မေ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရ သည့် ကျေးရွာများသို့ သောက်သုံးရေဂါလံ (၈၄၀၀) ကို နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်းဝင် ဦးမျိုးခိုင်မှဦးဆောင်၍ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်ခန့်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် အလှူရှင်များဖြစ်သည့် “နှလုံးလှ” သွေးအလှူရှင်အသင်း၊ မြို့မဈေး အတွင်းရှိ “မြင့်” ငါးပိ ၊ငါးခြောက် ရောင်းဝယ်ရေးမှ ဒေါ်မြင့်ရီနှင့် “ရွှေလမင်း” ဆန်၊ ဆီ၊ ဆား ရောင်းဝယ်ရေးမှ ဦးကြီးစိန် + ဒေါ်မင်းမင်းသန်း တို့၏ စုပေါင်းလှူဒါန်းငွေများဖြင့် သောက်သုံး ရေများသွား ရောက်လှူဒါန်းလျက်ရှိရာ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသည့် သမုန်းပင် (အရှေ့) ကျေးရွာ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းရှိ သံဃာတော်များနှင့် သမုန်းပင်ကျေးရွာရှိ အိမ်ထောင်စု (၁၃၅) စုရှိ ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေ အဆင်ပြေစေရန် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ရေသည်ယာဉ်ဖြင့် ရေဂါလံ (၈၄၀၀) သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့အနေနဲ့ နတ်မောက်မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာများက ချိတ်ဆက် အကူအညီတောင်းလာပါက ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း” အဆိုပါ ပရဟိတ အသင်းဝင် ဦးမျိုးခိုင် ထံမှသိရသည်။
သင်းသင်းမြတ်