ရွှေဘို မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ မဂ္ဂင်ဓမ္မဗိမာန်တော်ကြီး အတွင်း၌ ယမန်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါး ဖြစ်သော ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက် ပုခန်းကျောင်းတိုက်ဆရာဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်၊ အမှတ် ၁၀ ရပ်ကွက်ရှိ ပါဠိကာရီတုလွတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒဝံသာလင်္ကါရာဘိဝံသ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော် နှင့်အမှတ် ၈ ရပ်ကွက် သီတဂူကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓ မဟာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်သုံးပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရား ကန်တော့ပြီး ဖွင့်လှစ်ကာ ပုခန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဓစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့ တံဆိပ်တော်ရဆရာတော်ဘဒ္ဒန္တ ဝိမလာဘိဝံသထံမှ တက်ရောက်လာကြသူများက ငါးပါး သီလခံယူဆောက်တည်ခဲ့ကြပါသည်။
ယင်းနောက် ရွှေဘိုမြို့ အောင်မြေကျောင်းတိုက်ဆရာတော်အရှင်သူမြတ်က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးသုံးပါး၏ ထေရုပ္ပတ္တိအကျဉ်းတို့ကိုဖတ်ကြားခဲ့ပြီးနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးက သာသနာရေး ဆိုင်ရာများနှင့်ပတ်သက်၍ လျောက်ထားပြီး ထပ်ဆင့် ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ပစ္စည်း များကိုဆပ်ကပ်ခဲ့ကြပါသည်။
ထို့နောက် ပင့်သံဃာတော် (၁၆) ပါးတို့အား စေတနာရှင်ပြည်သူများက လှူဒါန်းသည့် လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဒါန်းရာ ဆရာတော် အရှင်သူမြတ် တို့ကိုယ်စား ချမ်းသာကြီးဘုရားဂေါပကဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီးပခန်းကျောင်းတိုက်ဆရာတော်ထံမှရေစက်သွန်းချတရားနာယူပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုခဲ့ပြီးအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။