ထားဝယ် မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် နည်းပညာတက္ကသိုလ်(ထားဝယ်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ နည်းပညာတက္ကသိုလ် ပင်မဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ထားဝယ်) ခေတ္တကျောင်းတာဝန်ခံ ဒေါက်တာမြသီတာလှိုင် က တက္ကသိုလ် နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များအား ယခုလာရောက်အားပေး စကားပြောရခြင်းဖြစ်ကြောင်း ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည် ဦးစားပေးနေရာတွင် အဓိကကျကြောင်း၊ ကျောင်းသား/သူများ၏ အနာဂတ်တွင် အတွေးအခေါ်ကောင်းများ၊ အမြင်ကောင်းများ ရှိအောင် ကြိုးစားသင်ကြားပေးကြရန်လိုကြောင်း၊ တိုင်းပြည်ကောင်းကျိုးဆောင်ရွက်သော နေရာတွင် အားလုံးပူးပေါင်း ပါဝင်ပေးကြရန်လိုကြောင်း၊ ကိုယ်ကျသော တာဝန်၊ ကိုယ်ယူရသော တာဝန်များကို စေတနာထားပြီး အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျ က နိုင်ငံတော်တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြသော ဝန်ထမ်းအား ကျေးဇူးတင်ရှိကြောင်း ၊ လူမှုကွန်ရက် Facebook ပေါ်တွင် ပျံ့နှံ့နေသော ကိစ္စရပ်များနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ က ဆန်(၁၂)ပြည်ဝင် ၁၃ အိတ်၊ဆီ(၁)လီတာဝင် ၂၅ ဘူး၊ကြက်ဥလုံး(၃၀)ပါ (၉)ကတ် နှင့် ခေါက်ဆွဲခြောက် (၅)ဖာတို့ကို ထောက်ပံ့ပေးအပ်ရာ နည်းပညာတက္ကသိုလ်(ထားဝယ်) ခေတ္တကျောင်းတာဝန်ခံ ဒေါက်တာမြသီတာလှိုင်နှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)