မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မချမ်းဘော့  သြဂုတ် ၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခ ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်မြို့ နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲပြီးကာလ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်ထားရှိရန်ပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဝင်းက မချမ်းဘော့မြို့နယ် အတွင်းမဲရုံများ လုံခြုံရေးစီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမိုးအောင်နှင့် အစည်းအဝေး တက်ရောက်လာကြသော ဌာနဆိုင်ရာများ မြို့မိမြို့ဖများက ယခင်ရွေးကောက်ပွဲများ အတွေ့အကြုံနှင့် ယှဉ်ကာ လုံခြုံရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။

မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၅) အုပ်စု မဲရုံပေါင်း (၁၇) ရုံတွင် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၅၆၈၃) ဦး ဆန္ဒမဲပေးမည်ဖြစ်ရာ အဆိုပါမဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ရန် စီမံရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်လင်းဦး(ပြန်/ဆက်)