ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းရန်ပုံငွေမှ အတိုးရ ငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ပွင့်ဖြူ မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ကျေးလက် နေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်းထံမှ သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်မှာ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းရန်ပုံငွေ အတိုးရင်း များကို ယခု လ ၄ ရက်နေ့က ဆက်လက်ထုတ်ချေးပေးခဲ့ပါတယ်။ ကျေးရွာနေပြည်သူများရဲ့ စည်းလုံး ညီညွတ်မှုနဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ယခုဆိုရင် စီမံကိန်းရန်ပုံငွေမှ (၅)နှစ်အတွင်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းအနက် ငွေကျပ် သိန်း(၉၀)ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးရွာလျှပ်စစ် မီးလင်း ရေး လုပ်ငန်းကိုတော့ မြို့နယ်လျှပ်စစ်ရုံးက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လုပ်ငန်းစတင်နိုင်ဖို့အတွက် ကျေးရွာတွင်း လျှပ်စစ်ဓာတ် အားလိုင်းတိုင် စိုက်ထူဖို့နဲ့ လျှပ်စစ်မီး ကြိုးများ တပ်ဆင်နိုင်ရေး မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးပြီး ဖြစ်ပါတယ်။ မကြာမီ အချိန်မှာ လုပ်ငန်းစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်း က ပြောသည်။

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြသည့်ကျေးရွာတစ်ရွာဖြစ်ကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင် (ငါးကဏ္ဍ)စီမံကိန်းလုပ်ငန်း အတိုးရ ငွေဖြင့် ကျေးရွာလျှပ်စစ်မီးတပ် ဆင်ပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိမည့်အပြင် ကျေးရွာ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း အဆိုပါ ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ)စီမံကိန်း ကော်မတီဥက္ကဋ္ဌ ဦဇော်မင်းဦးက ပြောသည်။

ရဲဝင်းနိုင်