မကွေး မေ ၁၀
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုရန် ရောက်ရှိ နေသော တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းမြင့်အေး၊ ရဲမှူးကြီးလှိုင်တင့်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့သည် မေလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် Sunny Global Manu facture Co,.Ltd မှ ဆောင်ရွက်လျက်ရှိသည့် အသေးစား ရေနံချက စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ ရေနံချက်စက်ရုံ အမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ မဟာဝိ သုတာရာမိကဝံသပါလပရိယတ္တိကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်ကြီးအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ အား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး၊ ပခုက္ကူမြို့ သီဟိုရ်ရှင် ဘုရားကြီးအား သွားရောက်ဖူးဖော်ကာ ဝတ္ထုငွေများ လှူဒါန်းပူဇော်ခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပခုက္ကူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေဆုံစဉ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မိမိတို့အဖွဲ့အနေဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လိုကြောင်း၊ ဖော်ပြပါလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်မှာ တည်ငြိမ် အေးချမ်းဖို့လိုကြောင်း၊ တည်ငြိမ်အေးချမ်းရန် တရားဥပဒေစိုးမိုးဖို့ လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့တစ်ခုတည်းနှင့် ဆောင်ရွက်၍ မရကြောင်း၊ ပြည်သူများမှ ပူးပေါင်း ပါဝင်ကြဖိုလိုကြောင်း၊ တရားဥပဒေ စိုးမိုးနိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရင်းဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မိမိတို့ရပ်ကွက် ကျေးရွာများအတွင်း ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါက အထက်ဌာန အဆင့် ဆင့်သို့ အသိပေးတင်ပြပေး ရန်ဖြစ်ကြောင်း၊ မကြာမီမိုးတွင်းကာလသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို ပွဲတော်များကျင်းပ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်စိုက် လျှင် တစ်ပင်ရှင်သန်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ မကြာမီကာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ မိမိတို့ကျေးရွာများရှိကျောင်းများအား ဥပဓိရုပ် ကောင်းမွန် အောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဖို့ လိုအပ်ပြီး အချိန်(၂)ပိုင်းခွဲ၍ သင်ကြားဖို့လိုပါက သင်ကြားနိုင်ရန် အသေးစိတ်စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကလေးများအား လိမ္မာ ယဉ်ကျေး အောင်လည်း သင်ကြားပေးစေလိုပါကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းမြင့်အေး လဝကမှ ဆောင်ရွက်မည့်ပန်းခင်းစီမံချက်တွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ လျှပ်စစ် မီတာခများကို ပြန်လည်ကောက်ခံတော့မည် ဖြစ်သည့်အတွက် အပြည့်အဝ ကောက်ခံ ရရှိရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ မီတာဖတ်စာရေး နေ့စားဝန်ထမ်း များ ခန့်ထားပေးမည်ဖြစ်၍ အခြေခံ ပညာအထက်တန်း အောင်ပြီးသူများအား လျှောက်ထားနိုင် ကြောင်းကို အသိပေးဆောင်ရွက် ပေးစေလိုကြောင်း၊ ထန်းပင်များအား ခုတ်လှဲရောင်းချနေ ကြောင်း သိရှိရသည့်အတွက် ထန်းမျိုးမပြုန်းတီးရေးအတွက် ထိန်းသိမ်းဆောင်ရွက် ပေးကြစေ လိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး လှိုင်တင့်က ၎င်းသည် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ မိမိတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ ပြည်သူများမှလည်း ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ကျောင်းများ လည်း မကြာခင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ မိမိတို့ကလေးများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် တရားဥပဒေစိုးမိုးနိုင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်မှ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များအား တင်ပြခဲ့ပြီး တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်သည် ပခုက္ကူမြို့ပေါ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် နေသည့် လမ်းခင်းခြင်းလုပ်ငန်းများ၊ ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများ၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား ကြည်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး ဆိပ်ဖြူမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညနေ ၄ နာရီအချိန်တွင် ဆိပ်ဖြူမြို့သို့ ရောက်ရှိပြီး ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့၍ မိမိတို့အဖွဲ့မှ ဆောင်ရွက်နေမှုများအား ချပြရှင်းလင်းကာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား ဆောင်ရွက်ခဲ့ပြီး၊ အဖွဲ့ဝင်များမှလည်း ၎င်းတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်း များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဆိပ်ဖြူမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးမျိုးဟန်က ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဆိပ်ဖြူမြို့၊ ဥတ္တရရာမကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများအား ဆက်ကပ် လှူဒါန်းပြီး၊ ဆက်လက်ထွက်ခွာလာရာ ဆိပ်ဖြူမြို့နယ် အောက်ဆိပ်အထကသို့ ရောက်ရှိခဲ့ပြီး အင်းကြင်းစလင်း ကုမ္ပဏီမှတာဝန်ယူတည်ဆောက်လျက်ရှိသော နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိကာ ရေပေးဝေမှု အခြေ အနေ၊ နွေသီးနှံများစိုက်ပျိုး ပြီးစီးမှု အခြေအနေများနှင့် ရေခွန်များ ကောက်ခံရရှိမှု အခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး