မန်းရွှေစက်တော်ရာဘုရား မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကျင်းပ

ငဖဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေ စက်တော်ရာ ဘုရား မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် အထက်စက်တော်ရာရွှေတန်ဆောင်းတော်ကြီး ဘက်စုံပြုပြင်ပါကေးခင်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲအချိန်က မန်းရွှေစက်တော်ရာဘုရား အထက်စက် တော်ရာ ဘုရားရင်ပြင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာတက်ရောက်လာကြသော သံဃာတော်အရှင်သူမြတ်၊ အလှူရှင်များနှင့် ဧည့်ပရိသတ် များ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး မန်းရွှေ စက်တော်ရာ ဘုရားဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တခမာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ ဘုရား ဒါယကာ၊ ဒါယိကာမများက မုဆိုးတောင်စေတီတော်ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံဆင့်များကို သံဃာတော်များထံဆက်ကပ်၍ လှူဖွယ်၀တ္ထူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မင်းဘူးမြို့ မှန်ကင်းတိုက် သာသန ဝေပုလ္လကျောင်း ပဓာနနာယကဆရာတော် မင်းဘူး (စကု) မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တပုညထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ရွှေထီးတော်ဘုံဆင့်များပင့်ဆောင်ခြင်း၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင် လှူပူ ဇော်ခြင်းအခမ်းအနားကို မုဆိုးတောင်စေတီတော်တွင် ကျင်းပပြုလုပ်ရာ ရွှေထီးတော် မြတ်အား ပရိတ်နံ့သာရေတို့ဖြင့် ပက်ဖျန်းပူဇော်ပြီး သံဃာတော်များဦးဆောင်၍ "ဇယန္တော ဗောဓိယာ မူလေ" အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များကိုရွတ်ဆိုပူဇော်ပြီး မုဆိုးတောင် စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိ သိက်သွန်းတော်မူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ခြင်းကို မင်းဘူးခရိုင် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ဌာနဆိုင်ရာအလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး မန်းရွှေစက်တော်ရာ ဘုရားကြီးတွင်ဘုရား ဂေါပကအဖွဲ့မှသာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ မုဆိုးတောင်ရင်ပြင် တိုးချဲ့ခြင်း၊ ကြွေပြားခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အာရုံခံတန်ဆောင်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)