လပွတ္တာစက်မှုလက်မှုပညာ သင်တန်းကျောင်း၌ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ ဖွင့်လှစ်

လပွတ္တာ          မေ             ၁၀

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာသင်တန်း ကျောင်း(လပွတ္တာ)၌ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၁)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၆)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၈)ဖွင့်ပွဲကို စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ လပွတ္တာ(၃)မိုင်မြို့သစ်၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒီသင်တန်းကျောင်းကို ဒေသတွင်းစက်မှုလက်မှုလုပ်ငန်းများထူထောင်ရာ မှာ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီးသွားရင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေရန်၊ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်ကြားပေးမည့် သင်တန်းများမှာ လျှပ်စစ်သင်တန်းတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနဲ့ Air-Con ပြုပြင်ခြင်းဘာသာရပ်များ၊ ဂဟေသင်တန်းတွင် လျှပ်စစ်ဂဟေနဲ့ ဓာတ်ငွေ့ဂဟေဘာသာရပ်များ၊ မော်တော်ယာဉ် စက်ပြင်သင်တန်းတွင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ မီးစနစ်ပိုင်းများ၊ လက်ကိုင်ဖုန်းပြင် သင်တန်းတွင် Hardware & Software ပိုင်းများ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီးရုံး(ပုသိမ်) ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဦးက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြော ကြားသည်။ သင်တန်းကာလမှာ(၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပြီး သင်တန်းသား(၄၅)ဦး တက် ရောက်ခဲ့ပြီး သင်တန်းများအတွက် နိုင်ငံတော်မှ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာသင်ကြားရေး အားလုံး အစစအရာရာအကုန်အကျခံ၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်လျက် ရှိကြောင်းသိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)