ကြို့ပင်ကောက်မြို့တွင် နွေစပါးစုစုပေါင်း ၁၁၇၅ ဧက စိုက်ပျိုးထားရှိ

ကြို့ပင်ကောက် မေ ၁၀ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဘော်ဘင်ဆည်မှ ရရှိသော ရေဖြင့် ၂၀၂၁ ခုနှစ် နွေစပါးစိုက်ပျိုးခြင်း ၁၁၇၅ ဧကအား ဧပြီလပထမပတ်က စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။ ရတနာတိုးစပါး ၃၇၁ ဧက၊ ရက်ကိုးဆယ်စပါး ၂၇၈ ဧက၊ ထိုင်းနှံကောက်စပါး ၃၅၃ ဧကနှင့် ပြည်တော်ရင် စပါး ၁၅၉ ဧကစိုက်ပျိုးထားရှိကြောင်း ဧပြီလ ပထမပတ်က စိုက်ပျိုးပြီးစီးခဲ့ပြီး ဇူလိုင်လ ပထမပတ်ခန့်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေက ပြောသည်။ အဆိုပါ နွေစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မျိုးစေ့ချကရိယာ အခမဲ့ငှားရမ်းပေးခြင်း စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းထဲအရောက် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဇေယျာထွန်း(ပြန်ဆက်)