ထားဝယ်မြို့၌ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် မေ ၁၀
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်( ၁၂/၂၀၂၁)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က သင်တန်းဖွင့် အမှာစကား ပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့် ကော့သောင်းမြို့တို့၌ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(၂)ကျောင်း၊ ထားဝယ်မြို့၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း(၁)ကျောင်းတို့ကို ဖွင့်လှစ်၍ လူငယ်များအား အသက်မွေးမှု ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်၊ ရေနက်ဆိပ်ကမ်းများ၊ စက်မှုဇုန်များပေါ် ထွန်းလာသည့် အခါကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ စားဝတ်နေရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၄င်းအပြင် ပညာသင်ကြားရေးအတွက် အခက်အခဲ ရှိသော တိုင်းရင်းသားလူငယ်လေးများကို အလယ်တန်းပညာ၊ အထက်တန်းပညာများ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးမည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များတွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများ လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသားများအနေနှင့်လည်း နိုင်ငံတော်၏ အချိန်နှင့် ငွေတန်ဖိုးများစွာ အကုန်အကျခံကာ ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်နှင့် စေတနာကို နားလည်တုံ့ပြန်သောအားဖြင့် သင်တန်း ကာလပြီးဆုံးသည်အထိ တက်ရောက်သင်ယူကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက သင်တန်းသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး သင်တန်းခန်းမအား လှည့်လည်ကြည့်ရှုအားပေးသည်။
သင်တန်းတွင် လျှပ်စစ်(၁၀)ဦး၊ ဂဟေ(၁၀)ဦး၊ မော်တော်ယာဉ်စက်ပြင်(၁၀)ဦး၊ လက်ကိုင်ဖုန်းပြင်(၅)ဦး စုစုပေါင်း (၃၅)ဦးအား အတတ်ပညာ ဘာသာရပ်များကို ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ရက်သတ္တပတ်(၂၂) ပတ်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင် ပြန်/ဆက်)