ကန်ပက်လက် ဩဂုတ် ၇
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြိုနယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်( မူကြမ်း) ရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ချင်းပြည်နယ်၊ လူငယ်ရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက တက်ရောက်ကြသည့် လူငယ်များအား ပြောကြားရာတွင် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်ကြောင်း၊ ယခုလူငယ်ရေးရာမူဝါဒ ရေးဆွဲနိုင်ခြင်းသည် လူငယ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတဝန်းရှိလူငယ်များ၏ အကြံပြုချက်များ၊ တောင်းဆိုချက်များကို ခြုံငုံထည့်သွင်း ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်းနှင့် လူငယ်ရေးရာမူဝါဒ (၁၈)ချက်ကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ချင်းပြည်နယ်၊ လူမှုရေးရာကော်မတီဝင် ဦးငွန်ရိုးထန်က လူငယ်ရေးရာအကြောင်း အသိပညာပေးဆွေးနွေးသည်။ အဆိုပါရှင်းလင်းပွဲသို့ ကန်ပက်လက်မြို့ရှိ လူငယ် (၆၇) ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)