ဘားအံ မေ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ် ဖြစ်သည့် မရပ်မနား ရှေ့ဆက်သွား ကမ္ဘာ့ကြက်ခြေနီရဲ့စုပေါင်းအား ဆောင်ပုဒ်အရ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘားအံမြို့တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကြက်ခြေနီ အသင်းခွဲငယ် နာယကဆရာတော်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဒေါက်တာဌေးနောင်က ကြက်ခြေနီ သမိုင်းအကြောင်းဆိုင်ရာ များအားရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ကရင်ပြည်နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးမြင့်နိုင်က ဖတ်ကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် ဂုဏ်ပြု ဆုများကို တက်ရောက်လာကြသော ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဘားအံ(ပြန်/ဆက်)