ကော့သောင်းခရိုင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးအထူးအဖွဲ့ တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း မေ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင် ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့ ဖြစ်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင် ကုန်စည် များ တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ကြ ကြောင်း သိရသည်။ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး လုပ်ငန်းများအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကုန်သည်များအသင်းမှ တာဝန်ရှိသူများ ပါဝင်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်များဖြစ်သည့် ပါချန်မြစ်ကမ်း ထိုင်း-မြန်မာနယ်စပ် ကျေးရွာဖြစ်သည့် မလိဝမ်းကျေးရွာ လှေဆိပ်မှတဆင့် တဖက်နိုင်ငံမှ တရားမဝင်ကုန်စည်များ ဝင်ရောက်လာခြင်း၊ မိမိနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကုန်စည်များ တရားမဝင် တင်ပို့ခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်း၊ ကော့သောင်း ကျေးလက်ဒေသမှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်စည်များ သိုလှောင်ထားရှိသည့် ဒေသခံလုပ်ငန်းရှင် ဂိုဒေါင်များအတွင်း သို လှောင်ထားသည့် ရော်ဘာနှင့် အခြားကုန်စည်များအပေါ် နိုင်ငံတော်သို့ တရားဝင် အခွန်အခ များ ပေးဆောင်ထားခြင်းရှိမရှိ၊ ကန့်သတ်တားမြစ်ထားသည့် တရားမဝင် ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးအပါအဝင် ဥပဒေနှင့်မလွတ်ကင်းသည့် ကုန်ပစ္စည်းများ တင်သွင်းလာခြင်း၊ တင်ပို့ရန်သိုလှောင်ထားခြင်း ရှိမရှိ၊ မြို့ရွာတည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက် ပြုစေနိုင်သည့် လက်နက်ခဲယမ်း၊ ဖေါက်ခွဲရေးပစ္စည်းများ သိုလှောင်ထားခြင်းရှိမရှိ စသည့် လုပ်ငန်းများအား ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ကျော်စိုး(ကော့သောင်း)