မအူပင်မြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပေးဆောင်ရွက်

မအူပင် မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်နိုင်ရန် ဝေငှဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များက ပူးပေါင်းကာ နှာခေါင်းစည်း(Mask) ၁၀၀၀ ခုအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အောင်ခိုင် ပြန်/ ဆက် (မအူပင်)