ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်

ပဲခူး မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တိုင်းကြက်ခြေနီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ကြက်ခြေနီအသင်းက ကြီးမှူး၍ မေလ (၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ (ပထမလှိုင်း) နှင့် (ဒုတိယလှိုင်း) ကာလတွင် ကုသရေးစခန်းများ၊ စောင့်ကြည့်ရေး စခန်းများနှင့် ပြည်သူလူထုအား အသိပညာပေးလုပ်ငန်း များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီး ဂုဏ်ပြုလက်မှတ်ရရှိသူ ကြက်ခြေနီတပ်ဖွဲ့ဝင် များကိုယ်စား ဒိုက်ဦးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ (၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးခရိုင် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ပဲခူးခရိုင်နှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
ခရိုင် (ပြန်/ဆက်)