ကော့သောင်း၊ မေ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မှုကြသည့် သံဃာတော်များအား စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ကော့သောင်း မြို့နယ် လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲဖြစ်မြောက်ရေးအဖွဲ့မှကြီးမှူးကာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတသ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ကြပြီး တိုင်းသံဃာ့နာယကဥက္ကဋ္ဌ(မူလဒွာရ) အဂ္ဂမဟာ ကမ္မဌာနာစရိယဆရာတော် ဘဒ္ဒန္တဝိသုဒ္ဒဉာဏ ပြည်တော်အေးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ထံမှငါးပါးသီလခံ ယူဆောက်တည်ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနေဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ စေတနာရှင်အလှူရှင်များက ၂၀၂၀ ပြည့်နှစ်အစိုးရ ပါဋ္ဌိပထမပြန် စာမေးပွဲတွင်ဖြေဆိုအောင်မြင်တော်မှုကြသည့် သံဃာတော် များအား စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အစိုးရ ပါဋ္ဌိပထမပြန် စာမေးပွဲ၌ ပထမကြီးတန်းတွင် သာမဏေတစ်ပါး ၊ ပထမ လတ်တန်းတွင်သာမဏေလေးပါး၊ ပထမငယ်တန်းတွင် သာမဏေ(၁၈)ပါးနှင့် အခြေပြုမှုလတန်းတွင်သာမဏေ (၂၈)ပါးဖြေဆိုအောင်မြင် ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)