မကွေး မေ ၈
ပြည်ထောင်စုဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အတွင်းရှိ ဥပဒေအရာရှိများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးစန်းလွင်က ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဟာဗျုဟာစီမံကိန်းပါ လုပ်ငန်းစဉ်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်က ဟန်ချက်ညီညီ အတူလက်တွဲ အကောင် အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြုလုပ်နေသော ဝန်ထမ်းစီမံရေးရာကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုများ နှင့်ပတ်သက်ပြီး ဆွေးနွေးအမှာစကားပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသည့် အမှုလိုက်လုပ်ငန်း အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် ဥပဒေအရာရှိများက မိမိတို့လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးစန်းလွင်က တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်