ပဲခူး မေ ၈
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဝါးကတုတ်သစ်တောပျိုးဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်းနှင့် မြို့နယ်တာဝန်ခံ ဦးအောင်မင်းသူတို့က ဝါးကတုတ် သစ်တောပျိုး ဥယျာဉ် အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် နှစ်အလိုက် သစ်တောစိုက်ခင်းများသို့ ပျိုးပင်ဖြန့်ဝေ ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရာတွင် သစ်ပင် စိုက်ပျိုးခြင်းသည် အကောင်းဆုံး နှင့် ဈေးအသက်သာဆုံးဖြစ်၍ တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်းနင့် ဒေသနှင့်ကိုက်ညီသော သစ်ပင်များပျိုးထောင်၍ ပြည်သူများကိုလည်း သစ်ပင်စိုက်ပျိုးစေရေး စည်းရုံးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး သစ်တောပျိုးဥယျာဉ်အတွင်း သစ်ပင်များ ပျိုးထောင်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဝါးကတုတ်ရေလှောင်တမံသို့ ရောက်ရှိခဲ့ရာ၊ စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဝါးကတုတ်ရေလှောင်တမံမှ မိုးယွန်းကြီး အင်းသို့ ရေသွင်းပေးနေမှုနှင့် နွေစပါး စိုက်ပျိုးနိုင်ရေး ရေပေးဝေနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဆည်တမံများသည် မိုးရာသီကာလ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်နှင့် နွေရာသီ နွေစပါးစိုက်ပျိုး နိုင်ရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သလို အဓိကအားဖြင့် ယခုလို နွေရာသီအခါမျိုး၌ ဆည်တမံများ၏ ကြံ့ခိုင်မှုကို စစ်ဆေး ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဒိုက်ဦး မြို့နယ်၊ မြန်မာစီပီကုမ္ပဏီနှင့်မြတ်မင်းကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ဝက်မွေးမြူရေး ခြံနှင့် ပြောင်းစိုက်ခင်းနှင့် မျိုးသန့်စပါးစိုက်ပျိုးထားရှိမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး၊ မဟာဓါတ်အား လိုင်းပြင်ပ အမျိုးသားအဆင့် လျှပ်စစ်မီးလင်းရေးစီမံကိန်း(NEP OFF–Grid) ကုက္ကိုင်းကျေးရွာ၊ အသေးစား လျှပ်စစ်ဓါတ်အားလိုင်း ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးနေမှုနှင့် တောင်သူ ဦးဌေးလှိုင်၏ ဥစားကြက်ခြံသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း ရေဝပ်ဒေသပညာပေးပြခန်းသို့ ရောက်ရှိခဲ့ရာ တာဝန်ခံ ဒေါ်သင်းသင်းယုမှ မိုးယွင်းကြီးအင်း ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိုးယွန်းကြီး အင်းရေတိမ်ဒေသသည် မြန်မာနိုင်ငံ၌သာမက၊ ကမ္ဘာ့ရေတိမ်ဒေသများစာရင်းတွင် ပါဝင်သည့် ရမ်ဆာရေတိမ်ဒေသ ထိန်းသိမ်းရေးနယ်မြေ Ramsar Site Wetlands of International Importance တစ်ခုဖြစ်၍ ရှိရင်း သဘာဝဂေဟနစ်များ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တရားမဝင် ရှော့တိုက်ငါးဖမ်းမှု၊ ကျူးကျော်စိုက်ပျိုး၊ နေထိုင်မှုများကို ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)